သိထားသင့်သော အစာအိမ်သွေးယိုခြင်း အကြောင်းတရား
အစာအိမ်သွေးယိုတာလို့ ကြားလိုက်တာနဲ့ ကြောက်စရာကြီးနေမှာလို့ တွေးလိုက်မိကြမယ် ထင်တယ်နော်။ ဟုတ်ပါတယ် တကယ်လည်း ကြောက်စရာကြီးပါ။ သွေးထွက်၊ သွေးယိုတာဟာ ဘယ်နေရာကဖြစ်ဖြစ်မကောင်းပေမယ့် ခန္ဓာကိုယ်အတွင်းထဲကဆိုရင်တော့ ပိုဆိုးပါတယ်။
အစာအိမ်သွေးယိုတဲ့အခါ သွေးအန်တာ၊ သွေးဝမ်းသွားတာတွေ ဖြစ်လေ့ရှိပါတယ်။ သွေးအန်တဲ့အခါ အစာအိမ်ထဲက အစာတွေနဲ့သွေးနဲ့ရောပြီး ပြန်အန်တာဖြစ်စေ၊ သွေးသီးသန့်ပြန်အန်တာဖြစ်စေ တွေ့ရတတ်ပြီး အရောင်က အညိုရောင်၊ အနီရောင်၊ အမဲရောင် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ သွေးဝမ်းသွားတာကတော့ ကတ္တရာစေးရောင် မဲမဲပြစ်ပြစ် ဝမ်းအနေနဲ့ သွားလေ့ရှိပါတယ်။
ဘာကြောင့် အစာအိမ်သွေးယိုရတာလဲ?
- အစာအိမ်အနာကနေ သွေးယိုတာ
- မကြာခဏအန်ခြင်းကြောင့် အစာရေမျိုနံရံ စုတ်ပြဲသွားတာ
- အစာအိမ်နဲ့ အူတွေမှာ သွေးကြောထုံးတွေ ရှိတာ
- အစာလမ်းကြောင်းက သွေးကြောတွေ ပုံမှန်မဟုတ်တာ
- အစာရေမျို သို့မဟုတ် အစာအိမ်ထဲမှာ ကင်ဆာအလုံးအကျိတ် ရှိတာ
- အစာအိမ်ရောင်၊ အူရောင်နေတာ
- ဓာတ်ကင်ရတာရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာအိမ်သွေးယိုတာ
- အကိုက်အခဲပျောက်ဆေးတွေ၊ အသောက်များလို့ သွေးယိုတာ
- အရက်ကြောင့် အသည်းရောင် အသည်းခြောက်ရာက သွေးယိုတာ
- ခံတွင်းပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွေမှာ ထွက်တဲ့သွေးကို မျိုချမိတာ
- နှာခေါင်းသွေးထွက်တာက အစာလမ်းကြောင်းထဲရောက်ပြီး ပြန်အန်ထွက်တာ
အထက်ပါ အကြောင်းအရာတွေကြောင့် အစာအိမ်သွေးယိုတတ်ပါတယ်။
ဘာ့ကြောင့်ပဲဖြစ်ဖြစ် သွေးအန်တာ၊ သွေးဝမ်းသွားတာဟာ အရေးပေါ်အခြေအနေပါ။ သွေးအများအပြားထွက်တဲ့အခါ သွေးထွက်လွန်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။
- သွေးခုန်နှုန်းဖျော့လာတာ
- သွေးခုန်နှုန်းမြန်လာတာ
- သွေးပေါင်တွေကျလာတာ
- သွေးအားနည်းပြီး လူကဖြူဖျော့လာတာ
- အသက်ရှူမြန်လာတာ
- ဆီးနည်းလာတာ
- ခြေဖျားလက်ဖျားတွေ အေးစက်လာတာ
- မူးဝေပြီး အမြင်တွေဝါးလာတာ
- သတိလစ်တာတွေဟာ သွေးဆုံးရှုံးမှုများတဲ့အတွက် သွေးလန့်ချင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
သင့်တော်ရာ ဓာတ်ဆားပုလင်းချိတ်ခြင်း၊ သွေးသွင်းခြင်း၊ ထွက်နေတဲ့သွေးကို ရပ်အောင်လုပ်ခြင်း အချိန်မီမလုပ်နိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ သွေးဆုံးရှုံးမှုမများရင်တော့ သင့်တော်ရာသွေးတိတ်ဆေး၊ အစာအိမ်ဆေး၊ သံဓာတ်အားဖြည့်ဆေးတွေ ပေးပြီး ကုသလို့ရပါတယ်။ သွေးတိတ်အောင်လုပ်တာ၊ သွေးပြန်ဖြည့်တာ စတဲ့အရေးပေါ်ကုသမှုတွေနဲ့ တပြိုင်တည်း အစာအိမ်သွေးယိုရတဲ့ အကြောင်းရင်းကို ရှာဖွေရပါမယ်။
- သွေးစစ်တာ
- Ultrasound ရိုက်တာ
- ကွန်ပြူတာဓာတ်မှန် CT ရိုက်တာ
- MRI ရိုက်တာ စသဖြင့် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ရောဂါရှာရပါတယ်။
- အကိုက်အခဲပျောက်ဆေးနဲ့ အရက်ကြောင့်ဆိုရင် ထိုအရာတွေကို ရပ်ရ၊ ဖြတ်ရပါမယ်။
- အစာအိမ်နာတာ၊ ရောင်တာကြောင့်ဆိုရင် အစာအိမ်ဆေး သောက်ဆေးထိုးဆေးတွေ ပေးပြီး ဆောင်ရန်ရှောင်ရန်တွေ လိုက်နာရပါမယ်။
- အစာရေမျိုပြဲတာ၊ သွေးကြောထုံးတာတွေအတွက်က လိုအပ်ရင် အသေးစား၊ အကြီးစား ခွဲစိတ်မှုတွေ လုပ်ရပါလိမ့်မယ်။
- အစာအိမ်ကင်ဆာကြောင့်ဆိုရင် ကင်ဆာဆေးသွင်းတာ၊ ဓာတ်ကင်တာ၊ ခွဲစိတ်ကုသတာကို လိုအပ်သလို လုပ်ရပါမယ်။
ကာကွယ်ဖို့ ဆိုရင်တော့
- အစာကို အချိန်မှန်စားပါ။
- အရက်နဲ့ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံမသောက်ပါနဲ့။
- ကြာရှည်ခံအစားအစာတွေ၊ မှိုတက်နေတဲ့ အစားအစာတွေ ရှောင်ပြီး လတ်ဆတ်တဲ့ အသီးအရွက် များများစားပါ။
- ဝမ်းချုပ်မခံပါနဲ့။
- ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
အစာအိမ်သွေးယိုတာဟာ အရေးကြီးတဲ့ ပြဿနာမို့ မပေါ့ဆသင့်ပါဘူး။ မတော်တဆ အစာအိမ်သွေးယိုခဲ့ရင်လည်း ဆေးရုံဆေးခန်းကို အချိန်မီသွားဖို့ တိုက်တွန်းလိုက်ပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်